AutoCAD Landscape Library အတွက် Custom Context များဖန်တီးခြင်း

AutoCAD drawing တွေကို Image အဖြစ်ပြောင်းတာတွေကိုပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ AutoCAD ထဲမှာ ကိုယ်ပိုင် Landscape file(*.lli) လေးတွေဘယ်လို ဖန်တီးမလဲဆိုတာကိုပြောပြချင်ပါတယ်။ ပထမဦးဆုံးသိရမှာက Landscape တွေရဲ့သဘောတရားနဲ့ တည်ဆောက်ပုံပါ။ Landscape လို့ပြောပြောနေလို့ အပင်တွေချည်းပဲလို့မထင်ပါနဲ့။ ခြုံငုံပြောရမယ်ဆိုရင် Context လို့ပြောလို့ရပါတယ်။ အပင်တွေသာမက လူတွေ ကားတွေ စသည်ဖြင့် Image တွေအကုန်လုံးကို သုံးလို့ရပါတယ်။ Context တွေကို အဓိက File type နှစ်မျိုးနဲ့တည်ဆောက်ထားပါတယ်။ ပထမ File type က “Image file”  လို့ခေါ်ပါတယ်။ ဒီ File မှာပါဝင်တာကတော့ လိုချင်တဲ့ Image နှင့် အခြားလွတ်နေသောနေရာများမှာ အမဲရောင် စစ်စစ် RGB(0,0,0) ဖြစ်ရမှာပါ။

ဒုတိယ File type ကတော့ “Opacity map file” ပါ။ ဒီ File မှာပါဝင်တာကတော့ လိုချင်တဲ့ Image နေရာမှာအဖြူရောင် စစ်စစ် RGB(255,255,255) ရှိရမှာပါ။ အခြားလွတ်နေတဲ့နေရာမှာတော့ အမဲရောင်စစ်စစ် RGB(0,0,0) ပါပဲ။

 

အဲဒီ File နှစ်ခုလုံးပြည့်စုံမှ Context တစ်ခုကိုအသုံးပြုလို့ရပါတယ်။ AutoCAD က ဒီ File နှစ်ခုကို တခုပေါ်တခုထပ်လိုက်တာပါ။ အဲဒီအခါမှာ အမဲရောင် ဧရိယာနှစ်ခုကတစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်သွားပါလိမ့်မယ်။ Image area နောက်မှာတော့ အဖြူရောင်စစ်စစ်က သွားကျနေပါလိမ့်မယ်။ AutoCAD မှာ Rendering လုပ်တဲ့အခါမှာ အမဲရောင် ဧရိယာတွေဟာပျောက်သွားပါလိမ့်မယ်။ Opacity သဘောတရားအရ အမဲရောင်ဟာ အလင်းဖောက်နိုင်စွမ်းအများဆုံးပါ။ အဖြူရောင်ကတော့ အလင်းမပေါက်ဘူးပေါ့။ အဲဒီတော့ Image file မှာရှိနေတဲ့ ပုံရိပ်မှာ အလင်းမပေါက်တော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ Opacity map file ကအဖြူရောင်ကသူ့အနောက်မှာ တထပ်တည်းကျနေလို့ပါပဲ။

ကဲစပြီးတော့လုပ်ကြည့်ကြပါစို့။

Step1 ပေးထားသော လူပုံကို မိမိရဲ့ Computer ထဲမှာ save လုပ်ထားပါ။ ပြီးရင် Photoshop ဖြင့် ဖွင့်ပါ။

Step2 ဒီအဆင့်မှာတော့ လိုချင်တဲ့နေရာအပိုင်းလေးတွေကို Selection လုပ်ပေးပါ။ Selection tool တွေကိုသုံးရပါမယ်။ Polygon lasso tool ကတော့ အဲဒီလို Selection မျိုးအတွက်အကောင်းဆုံးပါပဲ။ စိတ်ရှည်ရှည်ထားပြီး Select လုပ်မှသာ ပုံထွက်ကောင်းမှာပါ။ မလောပါနဲ့။

Step3 လိုချင်တဲ့ Selection ရပြီဆိုရင် selection ကို save ထားပါ (select>save selection) ။ Save လုပ်ထားတဲ့ selection name ကိုမှတ်ထားပါဦး။ ပြီးရင် deselect လုပ်ပါ။

ပြီးရင် Image ရဲ့ မလိုတဲ့ အပိုင်းတွေကို Crop tool ကိုသုံးပြီးဖြတ်ထုတ်လိုက်ပါ။ ဒီအဆင့်ဟာ အရေးကြီးပါတယ်။ အဓိကကတော့ Render လုပ်တဲ့အခါ Context တွေလေပေါ်မှာ မြောက်မနေစေဖို့ပါ။  ခြုံငုံပြောရမယ်ဆိုရင် ပုံရိပ်ရဲ့အောက်ခြေမှာ နေရာလွတ်ရှိမနေစေဖို့ပါ။ AutoCAD context တွေကို Drawing ထဲလာထည့်တဲ့အခါ Image တစ်ခုလုံးစာပဲစဉ်းစားပါတယ်။ ဒါကြောင့် အောက်ခြေမှာ နေရာလွတ်နေရင် ကိုယ်ထည့်လိုက်တဲ့ပုံဟာ အပေါ်ကိုမြောက်တက်နေပြီပေါ့။ အတိအကျတော့မလိုအပ်ပါဘူး။ ခန့်မှန်းခြေပါပဲ။

Step4 ပြီးရင်အရောင်ဖြည့်ရအောင်။ (select>load selection) လုပ်ပါ။

Selection ကပုံရိပ်ကို Select ဖြစ်နေတာပါ။

Select Menu ထဲက Inverse Select ကို Click ပါ။ ဒါဆိုရင် ပုံရိပ်ကိုချန်ပြီး ကျန်တဲ့နေရာတွေ select ဖြစ်သွားမှာပါ။

ပြီးရင် Edit menu ထဲက Fill ကို click လုပ်ပါ။ Fill dialog box မှာ Black ကိုရွေးပြီး Opacity ကို 100% ထားပေးပါ။ ပြီးရင် Ok ကို Click ပါ။

ဒါဆိုရင် Image file ကိုရပြီဖြစ်ပါတယ်။ ဒီ File ကို နာမည်ပေးပြီး Save as လုပ်ထားပါ။ File format ကတော့ Jpeg ပါ။ တစ်ခုသတိထား ရမှာက အခုအချိန်ထိ Selection ကိုDeselect ပြန်မလုပ်ထားပါဘူး။ ကဲ Opacity file ကိုဖန်တီးကြည့်ရအောင်ပါ။

Step5 Select menu အောက်က Inverse selection ကို click လုပ်ပါ။ ဒါဆိုရင် Selection လေးဟာ Image ပေါ်ကိုပြန်ရောက်သွားမှာပါ။

ပြီး Edit ထဲက Fill ကို Click လုပ်ပါ။ Fill dialog မှာ white ကို Opacity 100 % ထားပြီး Ok ကို click လုပ်ပါ။

ဒါဆိုရင် Image နေရာမှာ အဖြူရောင်ဖြည့်ပြီးသွားပါပြီ။

ဒီ File ကိုလဲ နာမည်ပေးပြီး Save as လုပ်ပါဦး။ save ထားတဲ့ Location ကိုလည်းမှတ်ထားပါဦး။ ကဲဒါဆိုရင် AutoCAD မှာ Custom Context တွေကိုအသုံးပြုလို့ရပြီပေါ့။ AutoCAD ထဲမှာဘယ်လိုချိတ်ဆက်ရမလဲဆိုတာကို ကြုံရင်ဖော်ပြပေးပါဦးမယ်။