Overlay နှင့် အပျင်းပြေ

မကြာသေးမီကပင် ဆဲသွားတော မိုးကြောင့် ရာသီဥတုမှာ မှုန်ရီရီဖြင့် အေးစိမ့်နေလေသည်။ ပြတင်းတံခါးတွင် တွဲခိုနေသော ရေစက် ရေမှုန်တို့မှာ မိုးရာသီပန်းချီကား၏ စုတ်ချက်များသဖွယ် အလှကြီးလှ၍ နေလေတော့သည်။ ထိုသို့သောအခါမျိုး၌ ကျွန်ုပ်ဟန်သစ်ငြိမ်သည် အင်မတန်မှ ပျင်းပျင်းရှိတတ်လှရာ... လူပျင်းတို့ထုံးနှလုံးမူ၍ စာဖတ်ရန်ကြံစည်မိလေသည်။ ထို့ကြောင့် လွန်စွာမှ စာဖတ်ဝါသနာပါသော ကျွန်ုပ်၏ အဖိုး ထားရစ်ခဲ့သော လွန်စွာမှ လေးလံလှသည့် ကျွန်းစာအုပ်သေတ္တာကြီးကို မွှေနှောက်ရှာဖွေကြည့်ရန် စိတ်ကူးရမိလေတော့သည်။ ထိုသို့ ရှာဖွေရင်းမှ အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းသော လွန်စွာမှ ထူထဲသည့် အနက်ရောင် ကတ်ထူဖုံးဖြင့် စာအုပ်ကြီးတစ်အုပ်ကို အမှတ်တမဲ့ တွေ့မိလေတော့သည်။ စာအုပ်အဖုံးတွင် ရွှေအိုရောင်စာလုံးဖြင့် `ဖိုတိုရှောပ့် တျူတိုရီယယ်များ´ ဟု ရေးထိုးထားလေသည်။

ဖတ်လိုသော စာအုပ်ရပြီဖြစ်၍ နောက်ဖေးမီးဖိုချောင်သို့ဝင်ကာ ကော်ဖီပြင်းပြင်းတစ်ခွက်ကို သကြား၊ နို့ဆီ၊ ကော်ဖီမှုန့်မပါ ရေချည်းဖြင့် ဖျော်ပြီး သကာလ ထိုစာအုပ်ကို မြည်းစမ်းဖတ်ရှုလေတော့သည်။ အနည်းငယ်မျှ လှန်လှောကြည့်ရှုမိစဉ်မှာပင် အင်မတန်မှ စိတ်ဝင်စားဖွယ်ရာများကို တွေ့ရှိရလေတော့ရာ ကော်ဖီပြင်းများ ဘယ်နှစ်ခွက်ကုန်မှန်း မသိအောင် ဆက်လက်ဖတ်ရှုနေမိလေတော့သည်။ ထိုအချိန်မှာပဲ... `ဟယ်လို... ဆြာဟန် ရှိလားဗျို့... ဆြာဟန်...´ ဟု တဆာဆာညံနေသော အမျိုးသမီးတစ်ယောက်၏ အသံကို အိမ်ရှေ့လှေကားရင်းမှ ကြားရလေတော့ရာ ကျွန်ုပ်လည်း မနေနိုင်မထိုင်နိုင် စိတ်ပါလက်ပါ ထသွားကြည့်ရလေတော့သည်။

`အော်... ဘယ်သူများမှတ်တယ်... ဒေါ်လှချင်ကြီးကိုး...´
`ဘာ... ဒေါ်လှချင်လည်း... လူကို ဘယ်လိုအချိုးမျိုးမှတ်နေလို့လဲ...´
`ဟုတ်ပါပြီ... ဒါဆို ဒေါ်ရုပ်ဆိုးချင်ကြီးပေါ့...´
`ဘာ ရှင့်...´
`ကဲပါဗျာ... တိုတဲ့စိတ်ကို ခဏပြန်ရှည်လိုက်၊ အခု ဘာဖန်တီးပေးရမလဲ...´
`ဟာ... ရှင်... အင်း... ဒါကြောင့်လည်း ဆြာဟန် လို့နာမည်ကျော်တာကိုး... ဟုတ်ကဲ့ပါရှင်... ကျွန်မဓာတ်ပုံလေးကို ပုံစံတစ်မျိုးတည်းမဟုတ်ဘဲ Style အမျိုးမျိုးပြောင်းချင်လို့ပါ... အဲဒါ... ဟို... ဓာတ်ပန်းချီတွေ...´
`ဘာ... ဓာတ်ပန်းချီ´
`ဆြာက တယ်ဝေးသကိုး ဂျီတော့ခ် ဘာညာမှာ သုံးတဲ့ဓာတ်ပုံတွေကို အခုဆိုရင် မူလပုံအတိုင်းမသုံးဘဲ Photoshop ရဲ့ ဓာတ်စွမ်းအားနဲ့ Style အမျိုးမျိုးပြောင်းပြီးတော့...´
`အော်... ကျုပ်သိပြီ... Stunt ထွင်မှ Style ရှိ၊ Style ရှိမှ Star ဖြစ်၊ Star ဖြစ်မှ Stone တွေရ... အဲ...´
`ရှင်...´
`အော်... မှားလို့... ခင်ဗျားကတော့ ကံအသင့်ပဲဗျ... အခုလေးတင် ဒီစာအုပ်ကြီးထဲက ဖတ်ထားတဲ့နည်းကို စမ်းကြည့်လိုက်မယ်...´
`ရှင်... စမ်းကြည့်မယ်...´
`ဘာလဲ... မယုံဘူးလား... ဒီမှာ... `လိုတာပြေးစမ်း အိုဗာလေးအစွမ်း´ ဆိုတာ ကြားဖူးလား...´
`မကြားဖူးပါဘူးရှင်...´
`မကြားဖူးရင် သေချာမှတ်ထား... ခင်ဗျားတို့ပြောနေတဲ့ `ကိုးန၀င်း မိုးအလင်း´ ဘာညာတွေထက် အစွမ်းထက်တယ်´
`ဟုတ်ကဲ့ပါရှင်...´
`အဲဒါ အခုပေးလိုက်မယ်... အသေးစိတ် လုပ်ရမယ့် ကျင့်စဉ်က `အိုဗာလေး တစ်ခုလုံး အမျိုးမျိုးသုံး´ ဆိုတဲ့ရှေးဟောင်းကျင့်စဉ်... အဲဒါ အိမ်ရောက်တဲ့အခါ အိမ်ဦးခန်းက ကွန်ပျူတာဆီသွား Photoshop ကိုဖွင့်ပြီး ယုံယုံကြည်ကြည်နဲ့သာလုပ်...´
`ဟုတ်ကဲ့ ရှင့်...´
`ကိုင်း... ကျက်ရမယ့် ဂါထာက သိပ်လွယ်တယ်။ ဒါပေမယ့် မှားလို့မရဘူးနော်...´
`ဟုတ်ကဲ့ရှင့်...´
`ကဲ... အလွတ်ရအောင် လိုက်မှတ်... တစ်၊ ဒျူပလီကိတ်... နှစ်၊ ဖင်လ်တာ... သုံး၊ အိုဗာလေး... ဒါပဲ...´
`တစ်၊ ဒျူပလီကိတ်... နှစ်၊ ဖင်လ်တာ... သုံး၊ အိုဗာလေး... ဒါပဲ...´
`ဟ... `ဒါပဲ´ ဆိုတာ ထည့်မဆိုရဘူးလေ... ပြန်ဆို...´
` တစ်၊ ဒျူပလီကိတ်... နှစ်၊ ဖင်လ်တာ... သုံး၊ အိုဗာလေး...´
`ဟုတ်ပြီ၊ ဒါဆိုရင် ရှင်းသွားအောင် နမူနာ တစ်ခုလုပ်ပြမယ်။ ပထမဆုံး လိုအပ်တဲ့ ဓာတ်ပုံကို Photoshop ပေါ်တင်ရမယ်၊ မတင်ခင် လိုအပ်တဲ့ ဆိုင်ရာပိုင်ရာတွေဖြစ်တဲ့ ခလုပ်ဖွင့်တာတို့၊ Inverter ဆက်တာတို့၊ UPS ချိတ်တာတို့ကို ကြိုလုပ်ထားရမယ်နော်...´

ပြီးရင် Ctrl + J (သို့) Layer > Duplicate Layer နဲ့ Copy Layer တစ်ခုပွားလိုက်မယ်။ `တစ်၊ ဒျူပလီကိတ်´ ဆိုတဲ့အဆင့်ပဲဖြစ်တယ်။

ပြီးရင် Filter > Sketch > Photo Copy နဲ့ အဲဒီ Layer အသစ်ကို Effect ထည့်လိုက်မယ်။ `နှစ်၊ ဖင်လ်တာ´ ဆိုတဲ့အဆင့်ပေါ့။

ပြီးရင် အဲဒီ Layer ရဲ့ Blending Mode ကို Overlay မှာ ထားလိုက်မယ်။ သုံး၊ အိုဗာလေး ဆိုတဲ့အဆင့်လေ...။ ဒါဆိုရင် အောက်ကအတိုင်း တွေ့ရလိမ့်မယ်။

`ကိုင်း… ညည်းလိုချင်တာ ဒါမျိုးမဟုတ်လား...´
`ဟုတ်ပါတယ် ဒါပေမယ့် ရှင့်... ကျွန်မလိုချင်တာက... Style အမျိုးမျိုး...´
`တယ်... ညည်းကလည်း တယ်ဝေးသကိုး... ဒီမှာ `အိုဗာလေး တစ်ခုလုံး အမျိုးမျိုးသုံး´ တဲ့နည်း ပေးထားတာလေ...´ နမူနာအနေနဲ့ Sketch ထဲက Photo Copy ကိုအခုလုပ်ပြတာ... ဒီတော့ Filter ထဲက ကျန်တဲ့ Effect တွေကို ကိုယ့်ဟာကိုယ် လက်တွေ့လုပ်...´
`ဟုတ်ကဲ့၊ Filter ထဲက ကြိုက်တာလုပ်ရမှာလား...´
`အင်း... အကုန်နီးပါး သုံးလို့ရတာပါပဲ... ဒါပေမယ့် တကယ် သုံးလို့ကောင်းတာတွေက Artistic, Sketch, Stylize, Texture စတဲ့အထဲက Effect တွေ... အဲ... ပုံ Resolution ကိုလိုက်ပြီးတော့ အဲဒီက အတိုင်းအတာတွေ Layer Opacity တွေကိုတော့ ညည်းစိတ်တိုင်းကျ ပြင်ပြီးလုပ်ကြည့်ပေါ့... မခက်ပါဘူးဟာ... ကဲ... ခုနက ပြောထားတဲ့ ဂါထာမှတ်မိလား... ပြန်ဆို...´
`အဲ... တစ်၊ ဒျူပလီကိတ်... နှစ်၊ ဖင်လ်တာ... သုံး၊ အိုဗာလေး... ပါ´
`အိုကေ... ရပြီမဟုတ်လား... သွား... ပြန်တော့ ငါလည်းအရှိန်ကောင်းကောင်းနဲ့ ဆက်ပျင်းလိုက်ဦးမယ်...´

နောက်တစ်ပတ်အကြာတွင် အဆိုပါ... ဒေါ်လှချင်ကြီးသည် မှိုရသောမျက်နှာထားဖြင့် ကျွန်ုပ်၏ အိမ်သို့ လက်ဆောင်ပစ္စည်းများဖြင့် ရောက်လာပြီးလျှင်...
`ဆြာဟန်ရေ... အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်လို့ပါရှင်...´
`ရပါတယ်ဗျ... တတ်သည့်ပညာ မနေသာ... ဝေငှရမှာဆိုတာကို ကျွန်ုပ်တို့ဆြာ့ဆြာတွေက မှာထားခဲ့ပါတယ်ဗျ... အဲလိုပဲ ခင်ဗျားတို့က ရှိတဲ့ပိုက်ဆံမချွေတာ ၀ယ်လာ ကန်တော့ပေါ့ဗျာ...´
`ရှင်...´

(စာကြွင်း။ အောက်တွင် အဆိုပါ ဒေါ်လှချင်ကြီးကိုယ်တိုင် ဖန်တီးထားသော ဓာတ်ပန်းချီအချို့ကို အများသူငှာအကျိုးပွားစေရန်အလို့ငှာ တောင်းယူဖော်ပြအပ်ပါသည်။)

မေတ္တာဖြင့်...
ပီအက်စ်ဒီ ဆြာဟန်