ချစ်ကြည့်ကြရအောင်...

KZO: ချစ်မယ်ဆရာ၊ ချစ်ချင်တယ်...

HTN: ဘာတွေစွတ်ချစ်မလို့တုန်း ဆရာသမားရယ်... မှုခင်းဂျာနယ်ထဲ ပါသွားမှ ခက်ချေမယ်နော်...

KZO: ဒီလိုလေ ဆရာ... သိပ်မကြာခင်ဆိုရင် ရယ်ချင်တိုင်းမဝေးတော့တဲ့ ဗယ်လင်တိုင်းဒေး လာတော့မယ်လေဗျာ...

HTN: သူ့ဘာသာ လာလာပေါ့ဗျာ ဘာလုပ်ရမှာတုန်း။ အဲနေ့မတိုင်ခင်မှာ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ ရှိတယ်... အဲနေ့က ခင်ဗျားရဲ့ ချစ်တာတွေ မစ်တာတွေထက် ပိုအရေးကြီးတယ်...

KZO: ရဘူးဆရာ လူဆိုတာ နှလုံးသားနဲ့... စက်ရုပ်မှ ဟုတ်ဘဲ... ဒီတော့ ကိုယ်ကတော့ ချစ်တာတစ်ခုတည်းပဲ သိတယ်ဗျာ... ချစ်မယ်၊ ချစ်မယ်...

HTN: ကဲဗျာ... ဒီလောက်ချစ်ချင်လည်း ချစ်ဗျာ... ဘယ်လို ချစ်မှာတုန်း...

KZO: ဒီလိုဗျာ ဆရာ... ကျွန်တော်က... ရင်ထဲကအချစ်ကို အခြစ်နဲ့ သရုပ်ဖော်ချင်တယ်ဗျာ...

HTN: ဘယ်လို အချစ်ကို အချစ်နဲ့... ကျွန်တော်မရှင်းဘူးဗျာ...

KZO: အာ... ဒီလိုလေ ဆရာ... ပထမအချစ် ဆိုတာက Love ကို ပြောတာ... နောက်အခြစ် ဆိုတာက Stroke ကိုပြောတာ... ဒီတော့ Love Stroke ပေါ့ဗျာ...

HTN: အော်... Love Stroke ဆိုတော့ အချစ်လေဖြတ်သွားတာပေါ့…

KZO: အာ... ဟုတ်ပါဘူး ဗျာ...

HTN: ကဲပါ... ထားဗျာ... ကျွန်တော်သိတယ်... အဲဒီတော့ ဆရာသမားက ဘယ်လို Stroke မျိုးနဲ့ ခြစ်ချင်တာတုန်း...

KZO: ဒီလိုလေ ဆရာ... ကျွန်တော်တို့နှစ်ယောက်က ဟိုးစာသင်ခန်းကတည်းက စချစ်ခဲ့တာဗျာ... အဲဒီအချိန် ကျောက်သင်ပုန်းစိမ်းစိမ်းကားကားကြီးမှာ မြေဖြူခဲနဲ့ ခြစ်တဲ့အချိန်မှာဗျာ... ဒီလိုဗျာ... ဆရာမက ခိုင်းလို့ သူက စာသင်ခန်းရှေ့ကို ထွက်ပြီး ကျောက်သင်ပုန်းမှာ စာရေးပေးရတယ်။ သူက လက်ရေးလှတယ်ဆိုတော့ တစ်ခန်းလုံးဖတ်ရအောင် ဆရာမက ရေးခိုင်းတာပေါ့ဗျာ...

HTN: အော်... ဆရာလည်း ရသအလင်းတန်းတွေ ဘာညာတွေ ထပ်ရိုက်ချင်လို့လား...

KZO: အာ... အဲလိုဗျာ... သူက အင်မတန်ချစ်ဖို့ကောင်းတဲ့ လက်ကလေးတွေနဲ့ မြေဖြူခဲကို ကိုင်ပြီး စိမ်းကားတဲ့ ကျောက်သင်ပုန်းမှာ ခြစ်လိုက်တဲ့အခါ... ဒါဟာ... ကျွန်တော့်ရင်ထဲမှာ လယ်ထွန်စက်ကြီးနဲ့ ခြစ်သွားသလို...

HTN: တော်တော်... ဆရာ... ဒီလောက်ဆို ကျွန်တော်သိပြီ... ခင်ဗျားရဲ့ အချစ်ကို ဖော်ကျူးဖို့ ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ခြစ်တဲ့ Tutorial ကျွန်တော်လုပ်ပေးမယ်...
KZO: ဟုတ်လိုက်လေ ဆရာ... အဲဒါပဲ လိုချင်တာ...

HTN: ကဲ ဒီတော့ ဒီ Tutorial မှာ အဓိက အဆင့် ၂ ဆင့်ရှိမယ်။ ပထမအဆင့်က ကျောက်သင်ပုန်း ဖန်တီးခြင်းနဲ့ နောက်တစ်ဆင့်က မြေဖြူခဲ ခြစ်တာဖန်တီးခြင်းပေါ့ဗျာ...

KZO: ဟုတ်... ဆရာ...

HTN: ပထမဆုံး ကျောက်သင်ပုန်း ဖြစ်ဖို့ ခင်ဗျားပြောတဲ့ စိမ်းကားတဲ့ ကျောက်သင်ပုန်းကြီးပေါ့ဗျာ... 800 x 600 pix ရှိတဲ့ New File တစ်ခု ဖွင့်မယ်... Foreground Color ကို #25644e ဆိုတဲ့ အစိမ်းပုပ်ရောင်ထည့်မယ်။

HTN: တကယ်က ဒီတိုင်းထားလိုက်လည်း ရတယ်... ဒါပေမယ့် တကယ့်ကျောက်သင်ပုန်းနဲ့ မတူဘဲ အသစ်ကျပ်ချွတ်ကြီးလို ဖြစ်နေမှာပေါ့ဗျာ... တကယ့်ကျောက်သင်ပုန်းက အောက်မှာ အရေးအကြောင်းတွေ ရှိသေးတယ်လေ...

KZO: သိပ်ဟုတ်တာပေါ့ ဆရာ... သူလေး အကြိမ်ကြိမ် ခြစ်ပြီး ဖျက်သွားခဲ့တဲ့ အရာတွေပေါ့ဗျာ... အဲဒါတွေ...

HTN: တော်တော်... ရပြီ... အဲဒီလို ဖြစ်ဖို့ New Layer တစ်ခု ထပ်ခေါ်ရမယ်။ (Shft + Ctrl + N) ဒါမှ မဟုတ်... Layer> New > Layer ဆိုပြီး ခေါ်မယ်ဗျာ။

KZO: ဟုတ်...

HTN: ပြီးရင် Filter > Render > Cloud ကိုသွားပြီး တိမ်ပုံစံထည့်မယ်...

HTN: ပြီးရင် Filter > Sketch > Chalk & Charcoal  နဲ့ ခုလိုမျိုး ဖြစ်အောင်လုပ်မယ်။ Setting တွေကိုတော့ ဆရာအဆင်ပြေသလို စမ်းကြည့်ဗျာ။

HTN: ပြီးရင် Layer Blending Mode ကို Soft Light မှာ ထားပြီး Opacity ကို 25% လောက် ထားလိုက်ရင် ဆရာလိုချင်တဲ့ ခြစ်ချင်းထပ် သင်ပုန်းကြီး ရလာပြီပေါ့ဆရာ...

KZO: ဟုတ်... မိုက်ပါ့ဗျာ... ဒါနဲ့ စာကိုဘယ်လို ရေးမှာတုန်း ဆရာ... I Love U ဆိုတာကို ရေးချင်တာ ဆရာ… Love ဆိုတာကိုလည်း အသည်းပုံလေးနဲ့...

HTN: အာ... စာရေးတာများ ဘာခက်တုန်း ဆရာရယ်... Brush နဲ့ ရေးမှာပေါ့ အဲဒီအတွက်တော့ Brush Setting ကို အရင်ဆုံး ပြောင်းရမယ်။ ဒါကြောင့် Brush Tool ကို Select လုပ်... ဒါမှမဟုတ် B လို့ ရိုက်ဗျာ။

KZO: ဟုတ် ဆရာ

HTN: အဲဒါပြီးရင် Brush Setting ထဲက Spatter Brush ဆိုတဲ့ ခပ်ဖွာဖွာ စုတ်ချက်ကိုရွေးမယ်ဗျာ။ ပြီးရင် Brush Tip Shape ထဲကိုသွားပြီး ဒီအောက်က Setting တွေ ပြောင်းမယ်။ Spacing ကိုတော့ 25% မှာ ထားမယ်ဗျာ။ ဒီ Spacing က အရေးကြီးတယ်ဗျ။ မြေဖြူခဲ အစိပ်အကျဲကို ဒီ Spacing နဲ့ လိုတိုပိုလျှော့လုပ်ပြီး ကစားရတာဗျ။

HTN: အဲဒါ ပြီးရင် သူ့အောက်က Shape Dynamics ဆိုတာထဲကို သွားပြီး Angle Jitter မှာ 100% ကိုထားမယ်။

KZO: ဘာလို့တုန်းဆရာ...

HTN: အော်... မြေဖြူခဲနဲ့ ဆွဲတဲ့အခါ ဒီတိုင်းပဲ သွားနေတာမှ မဟုတ်တာလေ... မြေခြူခဲက လည်ပြီး မသွားဘူးလား အဲဒါကိုထည့်ရမယ်။ ကြည့်ဗျာ။ ဒါမှ မြေဖြူနဲ့ ဆွဲသလို ဖြစ်မှာလေ...

KZO: ဟုတ်... ရှင်းပြီဆရာ

HTN: ပြီးရင် Shift + Ctrl + N နဲ့ New Layer တစ်ခု ထပ်ခေါ်မယ်... အဲဒီမှာ ဆရာရေးချင်တဲ့ စာကိုရေးဗျာ... ဆရာ့ရဲ့ နတ်သမီးလေးရဲ့ လက်ရေးလိုမျိုး လှအောင်တော့ ရေးပေါ့ဗျာ။ Brush Size အချုံ့ အချဲ့ကို လေးထောင့်ကွင်းနှစ်ခု [  နဲ့ ] ကို လုပ်ပြီး ရေးပေါ့ဆရာ...

KZO: ဟုတ်... ဆရာရေးတော့လည်း ဟုတ်နေတာပဲ ဆရာရယ်... ဒါပေမယ့် ကျွန်တော်က လက်ရေးမလှဘူးဗျ... တခြား Font နဲ့ ရိုက်ပြီး ဒါမျိုးကော လုပ်လို့ ရဘူးလားဗျာ...

HTN: ဟာ... သိပ်ရတာပေါ့ဗျာ... ဒီလိုလို အဲဒီအစား Font တစ်ခုခုနဲ့ စာရိုက်ရမယ်။ Font Style က Width ခပ်ထူထူ ဆိုရင် ပိုကောင်းမယ်ဗျ... ဘာလို့လဲဆိုတော့ ကျွန်တော်တို့က Font ရဲ့ Outline အနေနဲ့ သွားချင်တာဆိုတော့ဗျာ... ဒီမှာတော့ Impact ဆိုတဲ့ Font ကို သုံးထားတယ်။

HTN: အဲဒါပြီးရင် ကျွန်တော်တို့က Font ရဲ့ Outline ကို လိုချင်တာ ဆိုတော့ အဲဒီ Layer ပေါ်ကိုသွား Right Click ထောက်ပြီးရင်... Create Work Path ဆိုတာကို ရွေးဗျာ။

KZO: ဟုတ်ကဲ့ ဆရာ...

HTN: ပြီးရင် အဲဒီအောက်က Text Layer ကို မသုံးတော့ဘူး ဆိုတော့ မျက်စိလေး ပိတ်ပြီး ခဏဖျောက်ထားလိုက်မယ်ဗျာ။ ပြီးတော့မှ အဲဒီအပေါ်မှာ Layer အသစ်တစ်ခု ထပ်ခေါ်မယ်ဗျာ... ဒီလိုမျိုးပေါ့ဗျာ...

HTN: အဲဒါပြီးရင် Layer Palette ထဲက Paths ဆိုတာထဲကို သွားပြီး အဲဒီတွေ့တဲ့ Work Path ပေါ်မှာ Right Click ထောက်မယ်။ Stroke Path ကိုရွေးမယ်... ပြီးရင် ထပ်ပေါ်လာတဲ့ Box မှာ Brush ဆိုတာကို ရွေးမယ်ဗျာ။ ရှင်းတယ်နော် ဆရာ...

KZO: ဟုတ်ဆရာ... ဒီထက်ရှင်းတာတောင် ဒီထက်မရှင်းပါဘူး... ဒါပေမဲ့ Path Line ကြီးက ကျန်နေသေးတယ်ဗျ

HTN: ကဲ အဲဒါပြီးရင် ခုနက Path ကြီးက ကျန်နေသေးတော့ Path ရဲ့ အောက်နားက လွတ်နေတဲ့ တစ်နေရာရာကို ကလစ်လိုက်ရင် အဲကောင် ပျောက်သွားပြီး ဆရာလိုချင်တဲ့ ခြစ်ခြင်းတွေပဲ ကျန်တော့မှာပေါ့ ဆရာ...

HTN: ကဲ... ပြီးရင်တော့ အဲဒီ Layer ရဲ့ Opacity ကို နည်းနည်းလျှော့လိုက်ရင်... ရပြီ... တခြား Blending Option တွေနဲ့ လျှောက်ကလိလည်း ရတယ်ဗျာ...

KZO: ကဲ... ဆရာကျော်... အချစ်ကို ခြစ်ပြချင်တယ်ဆိုတဲ့ ဆရာ... ကျေနပ်ပြီလား

KZO: အဟား... ဒါကြောင့် ဆရာကို ချစ်နေရတာ...

HTN: တော်ပါဗျာ... ယောက်ျားအချင်းချင်း...

KZO: မြေဖြူနဲ့ ခြစ်မယ် ပြောတာပါဗျား... ဟား ဟား...